ငဖဲမြို့နယ်ရုံး Community Centre ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အားကစားလှုပ်ရှားမှုနှင့် ပုံပြင်ပြော၊ ကဗျာရွတ်ဆိုခြင်းများ ဆောင်ရွက်

ငဖဲ ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းနေအရွယ် ကလေးများ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ကာယ၊ ဉာဏ စွမ်းရည်ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁ နာရီခွဲ အချိန်က အခြေခံပညာမူလတန်းဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အားကစား လှုပ်ရှားမှုနှင့် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်းများကို ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးဒေါ်ယုယုသိန်း က ပြိုင်ပွဲများနှင့် အားကစား လှုပ်ရှားမှုများ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ပြိုင်ပွဲစည်းကမ်းများကို ပြောကြား၍ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ကာ အားကစားဆိုင်ရာ လှုပ်ရှား ဆောင်ရွက်မှုအဖြစ် ကလေးငယ်များ လျှင်မြန်မှန်ကန်စွာ ယှဉ်ပြိုင်တတ်စေရန်အတွက် အပ်နဖားထိုးပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးရာ ငဖဲမြို့အခြေခံပညာ အထက်တန်း ကျောင်းမှ မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ် (၁၂)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ကလေးစာဖတ်ခန်းအတွင်း ဒေါ်အေးထက်ထက်(စာရေး)မှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား အဆန် တိုင်းရင်းသားစာပေမှ ရေးသားထုတ်ဝေသော ကူညီခြင်း၏အကျိုး ပုံပြင်ကိုပြောပြပြီး ဆရာကြီးမင်းသုဝဏ်၏ ကလေး ကဗျာများ စာအုပ်မှ ညီနောင်ငါးဦးအတူပူး ကဗျာကို ရွတ်ဆိုပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)