ချောက်၌ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

ချောက် ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ မူလတန်းပုဂံကျောင်းတို့ ပူးပေါင်း၍ ယနေ့တွင် ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၇၄နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါမှ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲ ပြုလုပ်ရခြင်းမှာ ကျောင်းသား၊ ကျောင်းသူလေးများ ကာယ၊ ဉာဏ စွမ်းရည်တိုးတက်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း ဦးစွာရှင်းလင်းပြောကြားသည်။

ယင်းနောက် ကျောင်းသား/သူလေးများက အပြေးပြိုင်ပွဲ၊ ဂေါ်လီလုံးကောက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ ပူစီဖောင်းဖောက် ပြိုင်ပွဲတို့ကို ယှဉ်ပြိုင်ခဲ့ကြသည်၊ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်ခဲ့သည်။

ပြိုင်ပွဲအလိုက် ဆုရရှိသူများကို တစ်ဦးချင်းအလိုက် မြို့နယ်ဦးစီးအရာရှိ ဒေါ်သိမ့်ဝါ၊ ဒုတိယ ဦးစီးမှူး ဒေါ်ဝင်းအိမွန်၊ ကျောင်းအုပ် ဆရာကြီး ဦးအေးလွင်နှင့် ဆရာမများက ဆုများချီးမြှင့် ပေးအပ်ခဲ့ပြီး ကျောင်သား/သူလေးများ လေ့လာဖတ်ရှုနိုင်စေရန် စာအုပ်စာစောင်များလည်း ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)