ကဝ ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ခမေကြီးကျေးရွာနှင့် သပြေကန်ကျေးရွာများ အတွင်းကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်ပိုင်းက ခမေကြီးကျေးရွာနှင့် သပြေကန်ကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခ ွနေရာများတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေး နှိုးဆော်ရာတွင် လက်ရှိအခြေနေ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့်စိုးရိမ်ရသည့် မျိုးကွဲသစ် ဖြစ်သည့် အတွက် ကဝမြို့နယ်အတွင်း ဗီဇပြောင်း အိုမီခရွန် ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးမိမိတို့၏ နေအိမ်အတွင်းမှာသာ နေထိုင်ကြပါရန်၊ လူစုလူဝေးကို ရှောင်ကြဉ်ကြရန်၊ မဖြစ်မနေအပြင်ထွက်ရပါကနှာခေါင်းစည်း Maskတပ်ဆင် သွားလာကြရန်၊ လက်ကို မကြာခဏ ဆေးကြောသန့်စင်ရန်၊ အခြားသူများနှင့်အနည်းဆုံး ၆ ပေ အကွာမှ ခပ်ခွာခွာနေကြပါရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်းများ၊ စကားပြောဆိုခြင်းများ ရှောင်ကြဉ်ကြပါရန်၊ ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ လက်ဆေးပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ် နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သတ် ကိုင်တွယ်ခြင်း၊ ထိတွေ့ခြင်းများ မပြုလုပ်ရန်၊ လေဝင် လေထွက် မကောင်းသော အခန်းများကိုရှောင်ပါ၊ မိမိတို့၏ နေအိမ်များကို ပြတင်းတံခါးများ ဖွင့်ထားပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ကြပါရန်စသည့် လိုက်နာရမည် အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် အသံချဲ့စက်ဖြင့် လိုက်လံ အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)