ပေါင်းတည်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ပေါင်းတည် ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ အဆိုပါ ရုံးစာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယမန်နေ့နံနက်(၉)နာရီအချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးက ကျောင်းသားကျောင်းသူ ကလေးများ အနေဖြင့် စိတ်ကူးဉာဏ်ရင့်သန်၍ ကိုယ်ပိုင်တီထွင်ဖန်တီးတတ်သည့် အလေ့အကျင့်များ ရှိလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်နှင့် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်ရန် ရည်ရွယ်၍ ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ပြိုင်ပွဲသို့ ပေါင်းတည်မြို့ (၁၁)လမ်း အမက ကျောင်းမှ ဒုတိယတန်းနှင့် တတိယတန်း ကျောင်းသား၊ ကျောင်းသူ ၁၀ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများအား ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးအေးဆင့်