တောင်ငူမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်

တောင်ငူ ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို ယနေ့ နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေးဌာနနှင့် ဌာန ဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ကူညီပံ့ပိုးမှုများအပြင် ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်းတို့၏ ရလဒ်ပင်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ကူးစက်ပျံ့နှံ့မှု ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်းနှင့် အတူ အာဆီယံနိုင်ငံ တစ်ခုဆီသို့ ရောက်ရှိလာပြီဖြစ်ရာ မိမိတို့နိုင်ငံနှင့် နီးကပ်လာလျက်ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာကွယ်တားဆီးနိုင်ရေး သတိပြုကြရမည်ဖြစ်‌သော်လည်း ကြောက်စရာ မဟုတ်ပါကြောင်း၊ မိဘပြည်သူများအနေနှင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားလာခြင်း၊ ပြင်ပထွက်တိုင်း နှာခေါင်စည်း(Mask)တပ်ခြင်း၊ လက်ကို စနစ်တကျ မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေ အကွာ နေထိုင်ခြင်း စသည့် စည်းမျဉ်း၊ စည်းကမ်းများအား ဆက်လက်လိုက်နာကျင့်သုံးသွားကြပါရန် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဇော်ထက် (တောင်ငူ)