အောင်လံ ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်မွန်းလွဲ (၁) နာရီအချိန် က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ အင်းလယ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိုင် က အုပ်ချုပ်ရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှုကဏ္ဍ၊ လူမှုရေး၊ စည်းရုံးရေးကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း၊ ကျောင်းဖွင့်လှစ်မှုအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဝင်းထိုက် က ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ဆောင်ရွက်မှုနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားကာ မြို့နယ်ပညာရေးဌာနမှ လက်ထောက်ပညာရေးမှူး ဦးသန်းဇော် က ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ပြည်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တင်းတောကျေးရွာ အမကကျောင်းတွင် ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ကျောင်းသား/ သူများအတွက် ပါးစပ်နှားခေါင်းစည်း Mask များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း