နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron)ရောဂါ ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

နတ်မောက်    ဒီဇင်ဘာ    ၁၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် တားဆီးနိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နတ်မောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် ၉ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက် အတွင်းသို့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                                

ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်မှု မခံရစေရေး၊   ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအား တိတိကျကျ ပြည်သူများ လိုက်နာကြရန်နှင့် ဧည့်သည်များ လက်ခံခြင်းမပြုကြရန်၊ နေအိမ်ပြင်ပသို့ထွက်လျှင် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံမှုခံယူခြင်းကို ပြည်သူများအထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်နှင့် အိုမီခရွန် (Omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါကာကွယ်ရေး နည်းလမ်းများကို ပြည်သူများအားလုံး ဆက်လက်လိုက်နာ ဆောင်ရွက်ကြရန်တို့ကို မြို့ပေါ်ရပ်ကွက်အတွင်း နှင့် လူစည်ကားရာနေရာများတွင် လိုက်လံနှိုးဆော် ပေးခဲ့ကြောင်း သိရသည်။

လှဝင်း(နတ်မောက်)