အထက်မင်းလှ ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ ၆ လတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေရန်ပုံငွေစာရင်း (GRF)မှ မင်းလှမြို့နယ်တွင် သောက်သုံးရေ ဖူလုံမှုရရှိစေရန် မြင်ကျတောင်ရေပေးရေး စီမံကိန်းအား ခွင့်ပြုချထား ပေးလျက်ရှိရာ ရေပိုက်လိုင်း သွယ်တန်းခြင်း ဆောင်ရွက်မည့် နေရာအား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ညနေ ၄ နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
မင်းလှမြို့နယ်စည်ပင်သာယာရေး အဖွဲ့အနေဖြင့် မြို့နယ်အတွင်း သောက်သုံးရေ ဖူလုံမှုရှိစေရန်အတွက် မြို့မတိုက်နယ်၊ ရွာတော်ကျေးရွာ၊ ကျောက်မှော်ကျောင်းအနီး မြင်ကျတောင်မှ ပင်မရေစုကန်သို့ ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်း ၉ခု ဆောင်ရွက်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ၆လတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေ ရန်ပုံငွေစာရင်း (GRF)မှ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၃၇၉.၂၅)အား ခွင့်ပြုချထားပေးခြင်းဖြစ်ပြီး ရေပိုက်လိုင်းသွယ်တန်းမည့် နေရာအား တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲရာ ရေပိုက်လိုင်းသွယ်တန်းမည့် အခြေအနေများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ အင်ဂျင်နီယာ ဦးညီညီထွန်းက ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ ရေပိုက်လိုင်းသွယ်တန်းမည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင်ကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)