မင်းဘူး ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်မှ တောင်သူများသည် မြေပဲ၊ နှမ်းစသော ဆီထွက် သီးနှံများအပြင် မိုးနှောင်း နေကြာများကိုပါ ပိုမိုအားထားစိုက်ပျိုး လာကြကြောင်း ရွာသစ်ကုန်းကျေးရွာ ဒေသခံ တောင်သူများထံမှ သိရသည်။
နေကြာစိုက်ခင်းများသည် အပင်ပေါက်ကောင်းပါက ဖြစ်ထွန်းဖို့ လွယ်ကူသော သီးနှံမျိုးဖြစ်သည်။ နေကြာ စိုက်ပျိုးရန် ထယ်ရေးနှစ်စပ် သုံးစပ်လောက် ထွန်ယက်၍ စိုက်ပျိုးကြပြီး မြေအစိုဓာတ်ရှိကာ မျိုးကောင်းပါက အပင်ပေါက် ကောင်းကြောင်း သိရသည်။ နေကြာကို တစ်ချို့ကကျဲပက် စိုက်ပျိုးကြသလို တစ်ချို့က အတန်းလိုက် အစေ့ချ၍ စိုက်ပျိုးကြသည်။
နေကြာစိုက်ပျိုးရာတွင် ကုန်ကျစရိတ် သက်သာပြီး အပင်ဖြစ်ထွန်းမှုမြန်ကာ အထွက်နှုန်း ကောင်းသဖြင့် စိုက်ပျိုးသူ များလာကြောင်းလည်း သိရသည်။ နေကြာစိုက်ခင်းများသည် မြေအစိုဓာတ်ရှိကာ အပင်ကောင်းပါက တစ်ဧကလျှင် ၁၀ တင်းကျော် ထွက်ရှိနိုင်သည်။ နေကြာကို အစေ့အတိုင်း ရောင်းချပါက တစ်တင်း ၁၂၀၀၀ ဈေးရှိပြီး ဆီကြိတ် ရောင်းပါက တစ်တင်းလျှင် ဆီ ၃ ပိဿာနဲ့ ၅၀ သား (သုံးပိဿာခွဲ) ရရှိ၍ နေကြာဆီ တစ်ပိဿာလျှင် ၅၅၀၀ ဈေးရှိကြောင်း သိရသည်။
ထို့အပြင် နေကြာဆီသည် အခြားအသားငါးဆီများနှင့် ရောဆီများကဲ့သို့ ဆီခဲခြင်း၊ များများ စားပါက ဥပါဒ်ဖြစ်ခြင်းများ မရှိသောကြောင့် လူသုံးများလာကြသည်။ ထို့ကြောင့် စားသုံးဆီအတွက် ဖူလုံသည့်အပြင် အထွက်နှုန်းကောင်းပြီး ဈေးကောင်းရ၍ တွက်ခြေကိုက်သော နေကြာကို ပိုမိုစိုက်ပျိုး လာကြကြောင်း ရွာသစ်ကုန်းကျေးရွာမှ နေကြာ စိုက်ပျိုးသူ ကိုအောင်မျိုးက ပြောသည်။
ဇေယျာထက် (မင်းဘူး)