ရှမ်းရွာသစ် ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စာပေမှရရှိသည် အကျိုးကျေးဇူးများကို သိရှိစေရန်နှင့် နေ့ထူးနေ့ မြတ်များအကြောင်း သိရှိစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်း (၈) နာရီအချိန်က ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးနွဲ့က ကျောင်းသား/ သူ လူငယ်လူရွယ်လေးများ နေ့ထူးနေ့မြတ်နေ့ရက်များကို အစဉ်အမြဲသတိရစေရန်အတွက် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ လွတ်လပ်ရေး၏ အဓိပ္ပာယ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ စသည့်လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် သိကောင်းစရာ များကို ကျောင်းသား/သူများအား ဟောပြောပြီးနောက် စာကြည့်တိုက်တွင်စာအုပ်များ လာရောက် ငှားရမ်းသည့် အလေ့အကျင့်ရှိစေရန်နှင့် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသတများရရှိစေရန် ရည်ရွယ်၍ ကလေးစာပေနှင့်ပတ်သက်သည့် စာအုပ်စာစောင် များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရှိရ သည်။
ရှမ်းရွာသစ်(ပြန်/ဆက်)