အိမ်မဲမြို့နယ် ကုလားကုန်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်ပေး

အိမ်မဲ ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၈)နာရီအချိန်က ကုလားကုန်းကျေးရွာ အုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (၉၆)ကတ်တို့ကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများက ကုလားကုန်းကျေးရွာအုပ်စုရှိ ပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် အသက်(၁၀)နှစ်ပြည့်၊ အသက် (၁၈)နှစ်ပြည့်၊ လဲလှယ်မိတ္ထူ  စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ် (၉၆)ကတ်တို့ကို နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ကျေးရွာအုပ်စု (၉၇)အုပ်စု၊ ကျေးရွာခွဲပေါင်း (၅၀၅)ရွာမှ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ဌာနအနေနဲ့ ပန်းခင်းစီမံချက်နဲ့အညီ နိုင်ငံသားတစ်ဦးရဲ့ တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနဲ့ လူမှုစီးပွားဘဝ ပြည်စုံမှုရှိစေရေးတို့အတွက် သတ်မှတ်ချက်နဲ့အညီ ကိုက်ညီသူများကို မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးရုံးမှာ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးသလို ကျေးရွာအုပ်စုများမှာလည်း အဖွဲ့များခွဲကာ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း" မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ (လဝက)ဦးစီးမှူး ဦးအောင်နိုင်ဦး ပြောကြား ချက်အရသိရသည်။

ချစ်သက်လယ်