ထန်းတပင်မြို့နယ်တွင် ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့စဉ်ကွင်းဆင်းကာ ပြုလုပ်ဆောင်ရွက်ပေး

ထန်းတပင်    ဒီဇင်ဘာလ   ၁၆

ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ရပ်ကွက်ကျေးရွာများအရောက်နေ့စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက တက်သစ်ကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများကိုလည်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးရာတွင်လည်း ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဆွေ၊ လဝကမှူးဒေါ်ဝင်းန္ဒာနှင့်ဝန်ထမ်းများက တက်သစ်ကျေးရွာ အုပ်စုတွင် အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားသူ(၂)ဦး၊ အသက်(၁၈)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသည့် ကျေးရွာ နေပြည်သူ (၅၀)ဦးနှင့် စုစုပေါင်း ကျေးရွာနေပြည်သူ(၅၂)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းလည်းသိရသည်။

ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးဆိုပြီးတော့ ထန်းတပင်မြို့နယ်အတွင်းရှိမှာရှိတဲ့ ရပ်ကွက်ကျေးရွာနေပြည်သူတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးတာကတော့၂၀၂၁ ခုနှစ်၊ မေလ(၃)ရက် နေ့မှစတင်ပြီး ဆောင်ရွက်ပေးနေတာပါ၊ ယနေ့အထိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျောက်ထားသူက(၇၈၀)ဦးနဲ့ အသက်(၁၈) ပြည့်နိုင်ငံသား စိစစ်ရေးကတ်ပြား လျောက်ထားသူက(၇၃၄၈)ဦး စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား လျောက်ထားသူ (၈၁၂၈)ဦး တို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်၊ လျာထားချက်ရဲ့ (၆၀) ရာခိုင်နှုန်းဆောင်ရွက်ပြီးလည်းဖြစ်ပါတယ်ဟု ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးခင်ဆွေက ရှင်းပြသည်။

ဇင်မင်းထိုက်