ကော့သောင်း ဒီဇင်ဘာလ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ဝင်ရောက်လာသူများအား မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့်အတူ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ရောဂါထိန်းချုပ်ကာကွယ်ရေး စောင့်ကြည့်စစ်ဆေးမှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကမ္ဘာ့နိုင်ငံတစ်ချို့တွင် ကူးစက်မှုဖြစ်ပွားစပြုလာနေသည့် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ မိမိတို့မြို့နယ် အတွင်းသို့ ကူးစက်မှု မဖြစ်ပွားစေရန် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ မြို့အသီးသီးမှ လေယာဉ် ခရီးစဉ်ရှိသည့် နေ့များတွင် ကော့သောင်းမြို့သို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာသည့် ခရီးသည်များအား မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဦးစားပေး လုပ်ငန်းများ ဖြစ်သည့် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများတွင် ဝန်ထမ်းအင်အားအပြည့် ကွင်းဆင်းဆောင်ရွက်လျက်ရှိသဖြင့် မြို့နယ်ကြက်ခြေနီ သူတာပြုတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်း တာစစ်ဆေးပေးခြင်း၊ ကော့သောင်းမြို့မှ လေယာဉ်စီးနင်းထွက်ခွာမည့် ခရီးသည်များအား ခရီးစဉ်တစ်လျှောက် လက်အိပ်နှင့် ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်စီးနင်းကြရေးစသည့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများပေါ့လျော့မှု မရှိစေရေးသတိပေးနှိုးဆော်မှုများ စဉ်ဆက်မပြတ် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြခြင်း ဖြစ်သည်။
ကော့သောင်းမြို့နယ်အနေဖြင့် မြို့နေလူဦးရေ၏ ၅၀% ခန့်ကို ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်ပြီး ဖြစ်သော်လည်း ယနေ့ကမ္ဘာ့နိုင်ငံတစ်ချို့တွင် ကူးစက်မှုဖြစ်ပွားစပြုလာနေသည့် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ထပ်မံကူးစက်ဖြစ်ပေါ်မှု မဖြစ်ပွားစေရန် လေကြောင်းခရီးစဉ်အပြင်၊ မော်တော်ယာဉ်များဖြင့် အခြားပြည်နယ်တိုင်းဒေသအသီးသီးမှ ကော့သောင်းမြို့သို့ဝင်ရောက် လာသူများအား စစ်ဆေးရေး ဂိတ်အသီးသီး တွင် တာဝန်ရှိအဖွဲ့အစည်းများ စောင့်ကြည့်စစ်ဆေးမှုလုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။
ကျော်စိုး (ကော့သောင်း)