ပခုက္ကူမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စုများအလိုက် အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး ဌာနဆိုင်ရာ ဝန်ထမ်းများ ဝိုင်းဝန်းဆောင်ရွက်ပေး

ပခုက္ကူ  ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စုများ အလိုက် အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် လုပ်ငန်းများ ထိရောက် မြန်ဆန်စေရေးတို့အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများက နိုဝင်ဘာလ ၃၀ရက်မှ စတင်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ပခုက္ကူမြို့နယ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စုများအလိုက် အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းများ ပြည့်စုံတိကျ မှန်ကန်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ်ဦးစီးမှူးရုံးမှ ရပ်ကွက်၊ကျေးရွာ အုပ်စုအလိုက် အိမ်ထောင်စု လူဦးရေစာရင်းများရယူ၍ တိုက်ဆိုင်စိစစ်ခြင်း၊ ဖြည့်စွက်ပြင်ဆင်ခြင်း လုပ်ငန်းများကို အောက်တိုဘာ ၁ ရက်နေ့မှစတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြည့်စုံမှန်ကန်စေရေးနှင့် အမြန်ပြီးစီး ဆောင်ရွက်နိုင်ရေး တို့အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်း(၄၀)ဦးတို့က ကွန်ပျူတာစက် အလုံးရေ(၂၀)ဖြင့် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြကြောင်း၊ မြို့နယ်အတွင်း အသက်(၁၈)နှစ်အထက်ပြည်သူဦးရေ နှစ်သိန်းလေးသောင်း ကျော် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရသည်။

အဆိုပါ အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းဆောင်ရွက်မှုများကို ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်မျိုးသူနှင့် အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းများ တိကျမှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်သည့် အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား အားပေးစကား ပြောကြားခြင်းများ ဆောင်ရွက်ကြသည်။

ဘာမီသာ(ပခုက္ကူ)