ပိုင်ကျုံ ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့အတွင်းရှိ ပြည်သူများအား မှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေး ညီ သိရှိနိုင်စေရန်နှင့် အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်၍ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် အသိ ပညာပေး ပြသထားလျက်ရှိရာ မြို့အတွင်းရှိ ပြည်သူများနှင့် လမ်းသွားလမ်းလာများ စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ဆိုတာ အရင်က တစ်ဆင့်စကား၊ တစ်ဆင့်ကြားအနေနဲ့သာ ကြားဖူးခဲ့တာပါ။ ဘာအကြောင်းအရာတွေ ပါဝင်လည်းဆိုတာ မသိခဲ့ပါဘူး။ ယခုလို ပြန်/ဆက်ရုံးကနေ ဒီအချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့အတွက် နံရံကပ် စာစောင်တွေနဲ့ ပြသပြီး အသိပညာ ပေးတာဟာ အရမ်းကို ကောင်းမွန်ပါတယ်။ ဒါ့အပြင် ဒီနံရံကပ်စာစောင်တွေကနေတစ်ဆင့် လတ်တလော သိရှိထားသင့်တဲ့ ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက် တွေ၊ ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်နည်းတွေ၊ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သိရှိ ထားသင့်သည့် အကြောင်းအရာတွေအပြင် အခြားသော လူမှုရေး၊ ကျန်းမာရေး၊ ဘဘာဝ ဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး အကြောင်းအရာများနှင့် မြို့အတွင်း ဆောင်ရွက်လျက်ရှိတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် ယခုလို နိုင်ငံတော်အစိုးရရဲ့ ပြည်သူတွေအတွက် ဆောင်ရွက် ပေးနေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လေ့လာ သိရှိခွင့်ရတဲ့အတွက် ပြန်/ဆက် ဦးစီးဌာနကို ကျေးဇူးအထူးတင်ရှိပါတယ်ဟု ဒေသခံပြည်သူတစ်ဦးက ပြောကြားခဲ့သည်။
ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု နှုန်း မြင့်မားနေသည့် ကာလအတွင်း မြို့အတွင်းရှိ ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတ တိုးပွားစေရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာဖြင့် We Love Paing Kyone Facebook Page နှင့် ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက် Facebook Page တို့မှတစ်ဆင့် အသိပညာပေး အစီအစဉ် များကို ထုတ်လွှင့်တင်ဆက်ပေးခဲ့သည့်အပြင် ယခုအခါ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း လျော့နည်းကျဆင်း လာသည့်အတွက် မြို့အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များအတွင်း နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်၍ ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတ တိုးပွားစေရေးအတွက် သုတ/ရသ စာအုပ်စာစောင်များအား အခမဲ့ ကွင်းဆင်း ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)