မြို့သစ်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် “မြန်မာစကားပုံ မိတ်ဆက်အစီအစဉ်” ဆက်လက် တင်ဆက်ပေးလျက်ရှိ

မြို့သစ် ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များ စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် “မြန်မာစကားပုံမိတ်ဆက်အစီအစဉ် (အမှတ်စဉ် -၂)ကို  ဆက်လက် တင်ဆက်ပေးခဲ့သည်။

အဆိုပါ မြန်မာစကားပုံမိတ်ဆက် အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊   မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းအိဇွန်မှ  မြန်မာစကားပုံများ တင်ဆက်ပေးရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြား၍   စာရေးဆရာ ဆရာထိန်လင်း (  BE.Mechanical) ရေးသားပြုစုသည့် မြန်မာစကားပုံ ၁၀၀ ထဲမှ  မြန်မာစကားပုံများဖြစ်သည့် “ကြောင်အိုကြွက်မလေး၊ “ကိုယ့်ငါးချဉ်ကိုယ်ချဉ်၊ “ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ၊ “ကြက်ကန်း ဆန်အိုးတိုး၊ “ကြာရှည်ဝါးမည့်သွား အရိုးကြည့်ရှောင် ” စသည့် မြန်မာစကားပုံများကို မိတ်ဆက်ပေးခဲ့သည်။

မြို့သစ်မြို့နယ် ပြည်သူ့စာကြည့်တိုက်အနေဖြင့် မြန်မာစကားပုံများ၏ ဆိုလိုရင်းအဓိပ္ပာယ်ကို လူငယ်လူရွယ်များ နားလည် သိရှိစေရန်၊ အတုယူပြောဆိုတတ်စေရန် ရည်ရွယ်၍ အပတ်စဉ်တင် ဆက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)