လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်ကိုဗစ်မျိုးကွဲ အိုမီခရွန် (Omicron) အကြောင်း အများပြည်သူများ သိရှိနိုင်စေရန် အသိပညာပေး နှိုးဆော်

လှိုင်းဘွဲ ဒီဇင်ဘာ ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာစကားတို့ဖြင့် အသိပညာ ပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ် မျိုးကွဲ အိုမီခရွန် (Omicron) အကြောင်း အများပြည်သူများ သိရှိနိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခဲ့ ကြောင်း သိရသည်။

အဆိုပါ လှည့်လည်အသိပညာပေး နှိုးဆော်ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် မီးသတ်ဦးစီးဌာနတို့က ပြည်သူများအနေဖြင့်  မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက် ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီး တိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးပါ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများရောဂါ ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီးအသက်အန္တရာယ် ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍ မိမိတို့၌ ရောဂါပိုး ကူးစက်ခံရ သည်ဟု သံသယရှိပါက အိမ်တွင်ကြိတ်ပြီး ဆေးကုသမှုမျိုးမပြုလုပ်ရန်၊ နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အနေဖြင့် ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြပါရန်နှင့် မိမိနှင့်မိမိတို့ မိသားစုဝင်များအတွက် မဖြစ်မနေ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြရန်၊ ဆေးထိုးစုရပ်များနှင့် ဆေးထိုးရမည့် နေ့ရက်များကို အသိပညာပေး ဆောင်ရွက်ခြင်းနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန် (Omicron) အကြောင်း အသိပညာပေး နှိုးဆော်ခဲ့ ကြောင်း သိရှိရသည်။

စောဒိ(ပြန် / ဆက်)