မင်းဘူး ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများစုပေါင်းပြီး စာဖတ်ဝိုင်း၊ စာပေစကားဝိုင်းနှင့် စာအုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းကကျင်းပခဲ့ရာ မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (BooK Club) အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ပြန်/ဆက် ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က စာဖတ်ဝိုင်းနှင့် စာပေစကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်း ပြောကြားကာ မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးသန်းထွန်း(စကု)က စာပေကို ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်စေရန် စာပေအကြောင်း သိကောင်းစရာများကို ထည့်သွင်း ဆွေးနွေး ပြောကြားခဲ့သည်။
ဦးစွာ စာဖတ်ဝိုင်းတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (BooK Club)အတွင်းရေးမှူး ဦးဌေးလွင်က မိမိတို့ဘဝနယ်ပယ်တွင် အောင်မြင်သောဘဝများကို ဖန်တီးပုံဖော်ရာ၌ စာပေထဲကရရှိသော ဘဝသင်ခန်း စာများကို လက်တွေ့အသုံးချပြီး လိုက်နာဆောင်ရွက်နိုင်စေရန် စာရေးဆရာ ဖေမြင့်ရေးသားသော “အပြောင်မြောက်ဆုံးဘဝ တည်ဆောက်ခြင်း” စာအုပ်ကိုဖတ်ကြားပြီး ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် စာပေစကားဝိုင်းအဖြစ် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ သန်းထွန်း(စကု)က စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာ ဗဟုသုတများ ရရှိနိုင်စေရေးအတွက် “သမိုင်းထဲက တကယ့်လူ၊ မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင် စာရေးဆရာ စကု ဆွေသစ်က “တောင်တွင်းက အောင်သင်း” အတ္ထုပ္ပတ္တိနှင့် စာရေဆရာ အောင်သင်းရေးသားခဲ့သော စာပေအကြောင်း သိကောင်းစရာများကို ဟောပြော ဆောင်ရွက်ခဲ့ပြီး စာပေချစ်မြတ်နိုးသူများနှင့် အပြန်အလှန် ဝိုင်းဖွဲ့ဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းအပြီးတွင် စာပေချစ်မြတ်နိုသူများအတွက် အများသဘောကျနှစ်ချိုက်ပြီး အသစ်ထွက်ရှိ ထားသော သုတ/ရသ စာပေမျိုးစုံကို လွယ်လင့်တကူ ဖတ်ရှုလေ့လာနိုင်စေရန် ခရိုင်ပြန်/ဆက်ဝန်ထမ်းများက စာအုပ်စာပေများကို ခင်းကျင်းပြသပြီး အခမဲ့ငှားရမ်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)