မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံ ပေးလျှက်ရှိ

မယ်စဲ့ ဒီဇင်ဘာ ၁၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ် ဆောင်ရွက်မှုဖြင့် ရပ်ကွက်၊ ကျေးရွာများ အရောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျှက်ရှိရာ ယနေ့နံနက်က ဟိုဂျစ်ကျေးရွာ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ပိုမိုလွှမ်းခြုံလာနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီက စီစဉ်ဆောင်ရွက်လျှက်ရှိရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့အထိ အသက် ၁၈ နှစ်အထက် လူဦးရေ ၁၈၉၀ ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းကျဆင်းလာပြီဖြစ်သော်လည်း ကိုဗစ်-၁၉ မျိုးကွဲသစ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုဝင်ဘာ ၂၆ ရက်တွင် စတင်ကြေညာခဲ့သည့် အိုမီခရွန်မျိုးဗီဇပြောင်းရောဂါသည်အချိန်မရွေး ကူးစက်ဝင်ရောက်လာနိုင်သည့်အတွက် ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အခြေခံစည်းမျဉ်းများကို ဆက်လက် လိုက်နာရန် လိုအပ်ကြောင်းနှင့် ကာကွဘ်ဆေးထိုးနှံမှု အကြိမ်ပြည့် ထိုးနှံသွားရန် လိုအပ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သန်းက ပြောကြားသည်။

ဝတ်ရည်(ပြန်/ဆက်)