ရွှေဘိုမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိ

ရွှေဘို ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ရွှေဘိုမြို့ အမှတ် ၂ ရပ်ကွက်၊ မင်းသားရွှေကျောင်း ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ ရွှေပဲငပိဓမ္မာရုံအတွင်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဌာန မြို့နယ် ဦးစီးမှူးရုံးထံက သိရသည်။

ရွှေဘိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရခြင်းမှာ နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဂုဏ်သိက္ခာရှိရှိဖြင့် နိုင်ငံသားကတ် ကိုင်ဆောင်ပြီး မဲပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး ဆောင်ရွက်ပေးတာဖြစ်ကြောင်း၊ ပန်းခင်းစီမံချက် ကာလမှာ မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ထိ သတ်မှတ်ထားပြီး ပန်းခင်းစီမံချက်ဆောင်ရွက်မည့် လုပ်ငန်း(၄)ရပ်ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ ၃.၅.၂၀၂၁ရက်မှစတင် ဆောင်ရွက်ခဲ့ရာတပ်ရင်း၊ တပ်ဖွဲ့ ၆ ခု၊ ဌာနဆိုင်ရာ ၁ ခု၊ ရပ်ကွက် ၃ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၁၅ အုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ယနေ့ထိ အိမ်ထောင်စု ၇၄၂ စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား  ၁၆၂၁ ကတ်ထုတ်ပေးနိုင်ခဲ့ပြီး ရုံးလက်ခံမှတ်တမ်းများမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်များ ရှာဖွေထည့်သွင်းသူ ၂၉၈၂ ဦးအပါအဝင် စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ဖြည့်သွင်းဆောင်ရွက်မှု ၄၆၀၃ ဦးဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိနေသူများကိုလည်း ဆက်လက် ဆောင်ရွက်ပေး သွားမှာကြောင်း မြို့နယ်ဦးစီးမှူး ဦးစံထွန်းအေး ထံက သိရသည်။

စိုးသီဟ(ရွှေဘို)