ရွှေဘို ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ရွှေဘိုသွေး မဂ္ဂဇင်းအမှတ် ၂ ပါ ဓာတ်ပုံကဏ္ဍမှ ရွှေဘိုအလှ၊ ရွှေဘိုဘဝ ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသည့် ဓာတ်ပုံပညာရှင်များအား ဆုချီးမြှင့်သည့် အခမ်းအနားကိုကျင်းပခဲ့သည်။
ရှေးဦးစွာ ရွှေဘိုသွေးမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးအောင်ဘုန်းညိုက မဂ္ဂဇင်းအမှတ် ၂ တွင် ဓာတ်ပုံကဏ္ဍ ထည့်သွင်းရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ရွှေဘိုမြို့နယ် ဓာတ်ပုံအသင်းဥက္ကဋ္ဌ စာရေးဆရာ မြတ်သာထွန်း(ရွှေစံပြ)က ဆုရွေးချယ်မှုအပိုင်းကို ရှင်းလင်း ပြောကြားခဲ့ပြီး ဆုရဓာတ်ပုံပညာရှင် ၅ ဦးကိုဆုငွေ၊ ဆုတံဆိပ်နှင့် မဂ္ဂဇင်းစာအုပ်များကို ချီးမြှင့်ပေး ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က မုဓိတာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ရွှေဘိုအလှ၊ ရွှေဘိုဘဝ ဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲအပြီးတွင် တက်ရောက်လာသော ဓာတ်ပုံပညာရှင်များ နောက်ထုတ်ဝေမည့် မဂ္ဂဇင်းတွင် ဆက်လက် ထည့်သွင်းပေး စေလိုကြောင်း မိမိတို့ဓာတ်ပုံဆရာများကလည်း လိုအပ်သော အကူအညီများ ပူးပေါင်းကူညီ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
စိုးသီဟ(ရွှေဘို)