အုတ်တွင်းမြို့နယ်၌ မြို့မစျေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်းများ လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်

အုတ်တွင်း ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ မြို့မစျေးကြီးအတွင်းရှိ စျေးသူ၊ စျေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ် ကြုံလာပါက လက်တွေ့ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့မစျေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မီးသတ်တပ်ဖွဲ့ဝင် များက သရုပ်ပြမီးငြှိမ်းသတ်ခြင်း၊ မီးသတ်မော်တော်ယာဉ်ဖြင့် ရေပက်ဖျန်းမီးငြှိမ်းသတ် သရုပ်ပြခြင်း များကို မြို့နယ်ဒုတိယမီးသတ်တပ်ဖွဲ့မှူး ဦးထွန်းမင်းအောင်၏ ကြီးကြပ်မှုဖြင့် သန္ဓေတပ်ဖွဲ့ဝင်များက သရုပ်ပြဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့မစျေးကြီးအတွင်းရှိ စျေးဆိုင်ခန်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လှည့်လည်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)