ပေါင်းတည် ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မြို့မစျေးရှေ့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စျေးသူစျေးသားများအား မီးငြှိမ်းသတ်နည်း ဇာတ်တိုက် လေ့ကျင့်ပြသမှုကို ယမန်နေ့ နေ့လယ် ၂နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ပြသရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးစည်သူဝင်းက ယခုအချိန်သည် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် စျေးသူစျေးသားများအနေဖြင့် မီးဘေးကြိုတင် ကာကွယ်ရေး ဆောင်ရွက်ရမည့်အချက်များ၊ လျှပ်စစ်မီးကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်း အကြောင်း၊ မီးလောင်မှုဖြစ်ပွားပါက အရေးပေါ် မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများ ထားရှိအသုံးပြုမှုကို အသိပညာပေး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ စျေးအကျိုးတော်ဆောင် အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စျေးသူစျေးသားများအား မီးသတ်ဆေးဘူး အသုံးပြု၍ မီးလောင်မှုအား ငြှိမ်းသတ်နည်း၊ မီးသတ်ယာဉ်ဖြင့် မီးငြိမ်းသတ်နည်း တို့ဖြင့် ဇာတ်တိုက်လေ့ကျင့်ပြသခဲ့ကြသည်။ ဇာတ်တိုက်လေ့ကျင့်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အလားတူ ရွှေတည်စျေးသစ်တွင်လည်း မီးဘေးကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း ဇာတ်တိုက် လေ့ကျင့်ပြသပေးခဲ့ကြောင်း မြို့နယ်မီသတ်ဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။
အေးအေးဆင့်