မြင်းမူမြို့တွင် ဒေသထွက်ဝါများအား ပုံမှန်ဝယ်ယူလျက်ရှိပြီးဈေးအနည်းငယ်မြင့်တက်

မြင်းမူ  ဒီဇင်ဘာလ  ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊  စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ  ဒေသခံတောင်သူများ အနေဖြင့် ယခုနှစ်တွင် ဝါမျိုးစုံဧက(၁၉၅၃၂)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး   ယမန်နှစ်ထက်ဝါမျိုးစုံ (၁၅)ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ ယခုအခါဝါများကောက်ယူရရှိပြီး    ရောင်းချလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနကသိရှိရသည်။

ဝါအမျိုးအစားများအနေဖြင့် ရွှေတောင်(၈)၊ရွှေတောင်(၁၀)၊ ငွေခြည်(၉)၊ ငွေခြည်(၁၁)နှင့် ငွေခြည်(၆)မျိုးများ ကိုစိုက်ပျိုးကြရာ အဓိကအားဖြင့်ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်း ကောင်းမွန်သည့် ရွှေတောင်(၈)မျိုးကို  အများအပြားစိုက်ပျိုးကြကြောင်း၊ မိုးကောင်းသောက်ဝါ(၁)ဧကလျှင် ဝါပိသာချိန်(၆၀၀)ခန့်နှင့်  ဖြည့်စွက်ရေ ထပ်ပေးပြီး စိုက်ပျိုးနိုင်ပါက  ဝါပိသာချိန် (၈၀၀) ခန့် ထွက်ရှိနိုင်ကာ  စက်တင်ဘာလမှစ၍ ဝါများကောက်ယူ ရောင်းချရ ကြောင်း သိရှိရသည်။

ယခင်လများတွင်‌ကောက်ယူရောင်ချချိန်တွင်  မိုးတွင်းရာသီဖြစ်သည့်အတွက် အစိုဓါတ် ပါဝင်မှုများကြောင့်  ဝါအရည်အသွေးမပြည့်မီသည့် အတွက်  ဝါ(၁)ပိသာလျှင်ငွေကျပ် (၁၀၀၀) ဈေးသာရောင်းချရသော်လည်း ယခုမိုးလွတ်ရာသီဖြစ်သည့်အတွက် ဝါတစ်ပိသာလျှင်  (၁၅၀၀) မှ(၁၆၀၀) ဈေးထိဝယ်ယူလျက်ရှိပြီး ဝယ်ယူရရှိသည့် ဝါများကို ကြိပ်ထုတ်ပိုးကာ မန္တလေးမြို့နှင့် တရုတ်နိုင်ငံထိ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)