ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်

ဆင်ပေါင်ဝဲ  ဒီဇင်ဘာ  ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရန်နှင့် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆင်ပေါင်ဝဲမြို့နယ် ပြန်/ဆက် ဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော် ခဲ့ကြသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်မှု မခံရစေရေး၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအား တိတိကျကျ လိုက်နာကြရန်နှင့် ဧည့်သည်များ လက်ခံခြင်းမပြုရန်၊ နေအိမ်ပြင်ပသို့ထွက်လျှင် နှာခေါင်းစည်း (Mask) တပ်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းကို အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် အိုမီခရွန်(omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ကြရန်နှင့် ကာကွယ်ဆေးထိုးနှံခြင်း ကိုလည်း အကြိမ်ပြည့်ခံယူရန် စသည်တို့ကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)