ကျောက်တံခါး ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ် မှုဖြင့် အသက် ၁၈ နှစ်နှင့် အထက်ရှိသူများ၊ မသန်စွမ်းသူများ၊ ကူးစက်ရောဂါ မဟုတ်သည့် နာတာရှည် ရောဂါ ဖြစ်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်က ကျောက်တံခါးမြို့နယ် စည်ပင်သာယာခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုအပ်သည့် အကူအညီများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်ပုလင်းလျှင် (၅)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်ကဲ့သို့ အစီအစဉ်အတိုင်း ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံ ပေးလျက်ရှိရာ လူမှုရေးအသင်းအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးပြီးသူများကို QR Code ပါသည့် ကာကွယ်ဆေး (၂)ကြိမ် ထိုးပြီးကြောင်း မှတ်တမ်းစာရွက်များကို ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါ မှတ်တမ်းစာရွက် သည် ခရီးသွားလာသည့်အခါ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်အနေဖြင့် သွားလာရမည်ဖြစ် သည့်အတွက် ဆေးထိုးပြီးသူများ ရယူကြရန်နှင့် ပျက်စီးမှုမရှိအောင် စနစ်တကျ သိမ်းဆည်းကြရန် လိုအပ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
စန်းစန်း(ပြန်/ဆက်)