ချောင်းသာမြို့၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ချောင်းသာ ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၂)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ကျောင်း သား၊ ကျောင်းသူများနှင့် ဒုတိယအကြိမ် ထိုးနှံရမည့်သူများကို ယနေ့နံနက်(၉)နာရီက -ထ-က(ချောင်းသာ)တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင် အနီးကပ်ကြီးကြပ်မှုဖြင့် မြို့ကျန်းမာရေးမှူး ဦးထွန်းအောင်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ဆရာ၊ ဆရာမများက ကာကွယ်ဆေးမထိုးမီ ကျောင်းသားမိဘ၊ အုပ်ထိမ်းသူများထံမှ ခွင့်ပြုချက်ရယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းတွင် စာရင်းရေးသွင်းစေခြင်း၊ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးပြီးချိန်တွင် နာရီဝက် ခန့် စောင့်ကြည့်၍ လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းတို့ကို ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ချောင်းသာမြို့ပေါ်နှင့် ကျေးအုပ်စုများရှိ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်း စုစုပေါင်း(၅)ကျောင်းတို့မှ ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူ (၁၁၄)ဦး အား ပထမအကြိမ်ထိုးနှံခြင်းနှင့် ဒုတိယအကြိမ် ထိုးနှံရမည့်သူ (၃၉)ဦးတို့အား ဆက်လက်ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ကျော်