သာယာဝတီမြို့တွင် ကလေးအလုပ်သမားလျော့နည်း ပပျောက်စေရေးနှင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာများ အသိပညာပေး ​နံရံကပ်စာစောင်ပြသ

သာယာဝတီ ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်စေရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ အသိပညာပေး ​နံရံကပ်စာစောင်ပြသခြင်းကို အုန်းပင်စု ကျေးရွာသို့ ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သွားရောက်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး​နံရံကပ်စာစောင်တွင် ကလေးအလုပ်သမား ပပျောက်ရေးအတွက် အန္တရာယ်ရှိ သည့် အလုပ်မျိုးနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုခံရသည့် အလုပ်တို့ လုပ်ကိုင်နေရသည့် ကလေးငယ် များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူမှုဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးမှု ထိခိုက်နိုင်သည်များ၊ ကလေးများအတွက် အန္တရာယ်ရှိပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမည့် အလုပ်များ၊ လုပ်ငန်းပိုင်ရှင်များအနေဖြင့် ကလေး များကို ကာကွယ်စောင့်ရှောက်ရန် နည်းလမ်းများ၊ ကလေးများလုပ်သော အလုပ်နှင့် ကလေးငယ်များ၏ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူပိုင်ခွင့်၊ မတော်မတရားပြုမှု၊ အကြမ်းဖက်မှုနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတို့မှ အကာ အကွယ် ပေးပိုင်ခွင့်၊ ပါဝင်ခွင့်၊ မြန်မာနိုင်ငံရှိ ကလေးသူငယ်နှင့် သက်ဆိုင်သည့်ဥပဒေများ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ စည်းကြပ်လျက်ရှိ သော ဥပဒေများ စသည့်အကြောင်းအရာများ ပါဝင်သည်။

အလားတူ သာယာဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အသိပညာပေး ​မြေစိုက်နံရံကပ်စာစောင်ကို လူစည်ကားသည့် နေရာတွင် အများပြည်သူ အသိပညာဗဟုတ တိုးပွားစေ ရေးအတွက် လစဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများ၊ ခရိုင်နှင့်မြို့နယ်အတွင်း ဌာဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လှုပ်ရှားမှု ဆောင်ရွက်ချက်များနှင့် အများပြည်သူများ သိသင့်သိထိုက်သည့် အသိပညာပေး အကြောင်းအရာများ အား စဉ်ဆက်မပြတ် လဲလှယ်ပြသ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန့်ဇော်