မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အိုမီခရွန်အကြောင်း အသိပညာပေး Talk Show ဆောင်ရွက်

မြောင်းမြ     ဒီဇင်ဘာ    ၁၅

ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ကိုဗစ်−၁၉ ရောဂါမျိုးကွဲ အိုမီခရွန်အကြောင်း အသိပညာပေး (Talk  Show) ကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန္ဒာကြည်က အသိပညာပေး (Talk  Show) ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒု−ခရိုင်ကျန်းမာရေးမှူး  Dr.စိုးသက်က တောင်အာဖရိကနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ကိုဗစ်−၁၉ ရောဂါမျိုးကွဲ အိုမီခရွန်နှင့် ယခင် ကိုဗစ်−၁၉ ရောဂါများ၏ မတူညီသော ရောဂါလက္ခဏာများ၊ ရောဂါဖြစ်ပွားမှုများသော အသက်အရွယ်၊ ကာကွယ်ဆေးထိုးနှံသူများအနေဖြင့် ရောဂါဒဏ် ခုခံနိုင်မှုအခြေအနေ၊ အိုမီခရွန်ရောဂါ မဖြစ်ပွားစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်နည်းများကို ရှင်းလင်းဆွေးနွေး ပြောကြားပေးခဲ့ပါသည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး (Talk Show) အပါအဝင်ပြည်သူများ အသိပညာ ဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေးအစီအစဉ်များကိုလည်း ရိုက်ကူးထုတ်လွှင့် ပေးလျက်ရှိကြောင်း သိရပါသည်။

စန္ဒာကြည်