အခြေခံလူတန်းစားလက်လုပ်လက်စားများသို့ တန်ဖိုးနည်း ထမင်းရောင်းချ

ကော့သောင်း ဒီဇင်ဘာ ၁၅

ရပ်ကွက်ပြည်သူမိသားစုများနှင့် အခြေခံလူတန်းစားလက်လုပ်လက်စားများ အဆင်ပြေစေရေး၊ ကော့သောင်းမြို့ခံစေတနာရှင်တစ်ဦးမှ တန်ဖိုးနည်းထမင်းနှင့်ဟင်းလျာအား ယနေ့ နံနက် ၁၀ နာရီက ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၊ ပဲ့ချိန်လှေကူးတို့ဆိပ်တွင် ရောင်းချ ပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါအစီအစဉ်တွင် COVID-19 ရောဂါထိန်းချုပ်မှုကာလအတွင်း အခြေခံလူတန်းစာများ အဆင်ပြေစေရန်ရည်ရွယ်ကာ လူမျိုးဘာသာမရွေးစားသုံးနိုင်သည့် ထမင်း၊ပဲကုလားဟင်းနှင့် ငါးခြောက်ကျော် တို့အပါအဝင် တန်ဖိုးနည်းထမင်းတစ်ပွဲလျှင် ၃၀၀ကျပ်ဈေးနှုန်းဖြင့် ရောင်းချ ပေးခဲ့ကြရာ လမ်းသွားလမ်းလာများ၊ ကူးတို့လှေလုပ်သားများ၊ ဆိုင်ကယ်ကယ်ရီလုပ်သားများ နှင့်မြို့နေပြည်သူ အခြေခံလူတန်းစားများဝယ်ယူအားပေးစားသုံးခဲ့ကြကိုတွေ့ရသည်။

အဆိုပါ အစီအစဉ်ကို ကော့သောင်းမြို့ခံစေတနာရှင်တစ်ဦးဖြစ်သည့် ပိတောက်ရွှေဝါရပ်ကွက် နေ ဦးကျော်ကျော်မိသားစုမှ အခက်အခဲဖြစ်ပေါ်နေသည့် အခြေခံလူတန်းစားများအတွက် ရည်ရွယ်ကာ ဒေသတာဝန်ရှိအဖွဲ့အစည်းများထံတင်ပြ၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အမြတ် အစွန်းရရှိရေးအတွက် ဆောင်ရွက်ခြင်းမျိုးမဟုတ်ကြောင်း၊ စားသောက်ရေးကိစ္စအခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် လူတန်းစားတစ်ချို့သို့လှူဒါန်းကျွေးမွေးသည့် သဘောမျိုးဖြစ်သာဖြစ် ကြောင်း၊ နေ့လည်စာစားချိန်အတွင်း တစ်လတိတိ နေ့စဉ်​ရောင်းချပေးသွားရန် စီစဉ်ထား ကြောင်း ဦးကျော်ကျော်၏ ပြောဆိုချက်အရ သိရသည်။

ကျော်စိုး(ကော့သောင်း)