မင်းဘူး ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ တောင်သူများသည်ဟင်းသီး ဟင်းရွက်သီးနှံဖြစ်သည့် ခဝဲပင်များစိုက်ပျိုးထားသည့်အတွက် မိသားစု ဝင်ငွေရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ကျောက်တန်းကျေးရွာ ခဝဲစိုက်တောင်သူများ ထံမှသိရသည်။
ကျောက်တန်းကျေးရွာအနေနဲ့ စိုက်ပျိုးရေးကို အဓိကထား၍ အသက်မွေးဝမ်းကြောင်းပြုကြသော်လည်း မိုးစပါးများ စိုက်ပျိုးရာတွင် မိုးရေအပြင် ရေလိုအပ်မှုရှိပါက မြေအောက် ရေတင်၍ စိုက်ပျိုးရသဖြင့် မြေကောင်းသော်လည်း ရေလိုအပ်ချက်များ ရှိသောကြောင့် စပါးစိုက်ပျိုးသူ နည်းပါးလျက်ရှိပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ သီးနှံပင်များကိုသာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိကြသည်။
''ကျွန်တော်အနေနဲ့ မိုးစပါး ၁၀ ဧကစိုက်ပျိုးထားကာ စပါးမပေါ်ခင် ကာလများတွင် ဝင်ငွေရရှိ၍ စားဝတ်နေရေး အဆင်ပြေစေရန် ခဝဲပင်နှင့် အခြားဟင်းသီးဟင်းရွက် အပင်များလည်း တို့တို့တိတိ စိုက်ပျိုး ထားသောကြောင့် မိသားစုစားဝတ်နေရေး အဆင်ပြေပါတယ်"ဟု မင်းဘူး(စကု)မြို့နယ် ကျောက်တန်း ကျေးရွာမှ ခဝဲစိုက်တောင်သူ ကိုဌေးက ပြောသည်။
ခဝဲပင်များကို ၀.၅ ဧကစိုက်ပျိုး၍ ၄၅ ရက်သားမှာ စတင်ခူးဆွတ် ရောင်းချရပြီး ခဝဲသီး တစ်တောင့်လျှင် ၁၁၀ ကျပ်ဖြင့် ဖောက်သည် ပေးရကြောင်း တစ်နေ့လျှင်ပျမ်းမျှ ခဝဲသီး ၇၅ တောင့် ဆွတ်ခူးရောင်းချကာ ၂ ရက်တစ်ကြိမ် ခူးရောင်းရပြီး တစ်လလျှင် ငွေကျပ် ၁၀၀,၀၀၀ ကျော်ဝင်ငွေ ရှိနေတာကြောင့် မိသားစု စားဝတ်နေရေးပါ အဆင်ပြေကြကြောင်း သိရသည်။
ဇေယျာထက် (မင်းဘူး)