ပခုက္ကူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး မြို့နယ်အဆင့်ဌာနဆိုင်ရာများတွေ့ဆုံ ဆွေးနွေး

ပခုက္ကူ ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးခြင်းကို ဒီဇင်ဘာလ ၁၄ ရက် နံနက် ၉နာရီ အချိန်က ‌မြို့နယ်အုပ်ချုပ် ရေးမှူးရုံးခန်းမ၌ ပြုလုပ်ကြသည်။

ရှေးဦးစွာ ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူက မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာလိုအပ်ချက်များ ပိုမိုထိရောက်စွာဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ရမည့်စီမံချက်များအကြောင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ သတ်မှတ်ရာခိုင်နှုန်း ပြည့်မီရေး ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ကွင်းဆင်းအဖွဲ့(၂)ဖွဲ့ ဖွဲ့စည်းကြပြီး မြို့နယ် အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးလုပ်ငန်း များဆောင်ရွက်ရေး၊ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးသည့် လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်ရေး အတွက် အိမ်ထောင်စု များအလိုက် အိမ်ထောင်စုစာရင်းများ တိုက်ဆိုင်စစ်ဆေးမေးမြန်းဆောင်ရွက်ရေး၊ ကျေးရွာစာသင်ကျောင်းများဖွင့်လှစ်နိုင်ရေး နှင့်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရေးတို့အတွက် အပြန်အလှန်ဝိုင်းဝန်းအကြံပြုဆွေးနွေးကြကြောင်းသိသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)