ကျောက်တံတား သြဂုတ် ၂၂
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများပြည့်စုံမှန်ကန်ရေးနှင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ဦးဆောင် သော ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး ပံ့ပိုးကူညီရေးအဖွဲ့နှင့်ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောက်တံတား မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရွေးကောက်ပွဲတွင်ပါဝင်ဆောင်ရွက်နေသော ဌာနဆိုင်ရာများနှင့် တွေ့ဆုံ ညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်မှ မဲဆန္ဒရှင် စာရင်းများ မှန်ကန်တိကျမှန်ကန် စေရေး၊ ဒုတိယအကြိမ်မဲစာရင်း ကပ်ထားကြေညာ ပါကပုံစံ(၃) ဖြင့်လျှောက်ထားသူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး တို့ကို သေချာစွာ စိစစ်ရန် လိုအပ်ပါ ကြောင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အနေဖြင့် လွတ်လပ်၍ တရားမျှတသော၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေး ပြောကြားခဲ့ပြီး ပံ့ပိုးကူညီရေး အဖွဲ့ဝင် တိုင်းဒေသကြီး ဦးစီးမှူးညွှန်ကြားရေးမှူးဦးစောနိုင်မှ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး အတွက်ဆောင်ရွက်ရာတွင် လိုအပ်သည်များ ကူညီ ပံ့ပိုးနိုင်ရေးအတွက် ဖြည့်စွက်ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ထို့နောက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော်နှင့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ဝင်း (သင်္ချာ အောင်သင်း)တို့က ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ တွင်ကူညီ ဆောင်ရွက်ပေးနေမှုနှင့် လက်ရှိအခြေအနေများကိုလည်းကောင်း မဲဆန္ဒရှင်စာရင်း များ တိကျမှန်ကန်ရေး အတွက်ဆောင်ရွက်နေမှုအခြေအနေများ၊ မဲရုံများဆောင်ရွက်နေမှုအခြေအနေနှင့် လိုအပ်ချက်များ ကိုတင်ပြ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ရွှေနန်းမေ