မိုင်းပျဉ်း သြဂုတ် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲ ပေးနိုင်ရေး ကွင်းဆင်းပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား ရရှိရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဉီးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးဝင်းဖေ ဦးဆောင်၍ ဝန်ထမ်းများက မြို့နယ်ရုံးနှင့် ကျေးရွာအုပ်စုများအရောက် ကွင်းဆင်း ဆောင်ရွက် ပေး လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ပေးခြင်း ဖြစ် ကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင် ပြည်သူများ၏ မဲစာရင်းတွင် ထည့်သွင်းရ မည့် အချက်အလက်ဖြစ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် လိုအပ်ချက် မဖြစ်ပေါ်စေရေးအတွက် သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ် အတွင်း အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ဆောင်ရွက်ပေးရာတွင် ကျေးရွာ အုပ်စု(၈)စုတွင် (၂၀၄၃)ဦးအား ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိသော ကျေးရွာအုပ်စုများကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
မေမွန်ထွဋ်(ပြန်ဆက်)