တောင်တွင်းကြီး ဒီဇင်ဘာ ၁၄
ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီက လက်တက်ကျေးရွာအုပ်စု၊ လက်တက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးလှသောင်းက ရပ်ကွက်/ကျေးရွာများမှ အိမ်ထောင်စု လူဦးရေ သန်းခေါင်စာရင်း ကောက်ခံရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြား ခဲ့သည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးသက်တင်က ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများအလိုက် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြ ဆွေးနွေး ကြသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မိုးခိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်၊ ကျေးလက်လမ်း ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ထွေး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးညဏ်မြင့်ထွန်း တို့က ရပ်ရွာအေးချမ်းသာယာရေး၊ လုံခြုံရေး၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်နိုင်ရေး၊ ကျေးရွာအတွင်း လမ်းတံတားများ ကောင်းမွန်ရေး၊ မြစိမ်းရောင်ချေးငွေရရှိရေး၊ သောက်သုံးရေ ရရှိရေး၊ ကျေးရွာခြင်းဆက်လမ်းများ ကောင်းမွန်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် ဌာနအလိုက် လုပ်ဆောင်ရမည့် လုပ်ငန်းများအပေါ် ဆွေးနွေးပြောကြားပြီး ကျေးရွာပြည်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူမှ ပြန်လည် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)