မုံရွာ ဒီဇင်ဘာ ၁၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန မုံရွာမြို့နယ် ဦးစီးမှူးရုံးတွင် ဘက်စုံပိုးပွား ကာကွယ်နှိမ်နင်းရေး နည်းစနစ်ကို အသုံးပြုခြင်းဖြင့် တစ်ဧက ကုန်ကျစရိတ်သက်သာပြီး သီးနှံအထွက်နှုန်း ပိုမိုရရှိလာစေရန်ရည်ရွယ်ပြီး မျိုးစေ့ထုတ် စိုက်ခင်းနှင့် စံပြစိုက်ခင်းများ ဆောင်ရွက်သည့် တောင်သူများသို့ ပံ့ပိုးပစ္စည်း ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားနှင့် ပြောင်းလဲလာတဲ့ ရာသီဥတုနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝတဲ့ အစားစအာများကို စားသုံးနိုင်ရန်နှင့် ကုန်ကျစရိတ်သက်သာပြီး သီးနှံအထွက်နှုန်း ပိုမိုရရှိလာစေရန် ရည်ရွယ်ပြီး ဘက်စုံပိုးမွှား/ရောဂါ ကာကွယ်နှိမ်နင်းရေး သင်တန်းကို ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကြည်ဝင်းနှင့် ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းမြင့်တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး ခရိုင်ပိုးမွှား သီးနှံကာကွယ်ရေး တာဝန်ခံ ဦးမြင့်လွင်က IPM အကြောင်းကို လည်းကောင်း၊ မုံရွာမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင်က ဘက်စုံပိုးမွှား/ရောဂါ ကာကွယ်နှိမ်နင်းရေး သင်တန်းဖွင်းလှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စံပြကွက်၊ စမ်းသပ်ကွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ပရိုဂျက်တာများဖြင့် Power Point ပြသရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြသည်။
ဆက်လက်ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကိုကျင်းပရာ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် တာဝန်ရှိသူများက မုံရွာမြို့နယ် စစ်ပင်ကျေးရွာအုပ်စု၊ ခံတောကျေးရွာ တောင်သူ(၉)ဦး၏ မြေပဲစိုက်ဧက(၂၀)အတွက် ဂျစ်ပဆန် မြေဩဇာ(၅)အိတ်စီ၊ သဘာဝပိုးနှင်ဆေး (၁)လီးတာဆန့် (၂)ဘူးစီ၊ သဘာဝပိုးသတ်ဆေး(၁)ဘူးစီတို့နှင့် Yellow Sticker (၅)ကတ်စီတို့အား လည်းကောင်း တောင်သူများ လက်ဝယ်သို့ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ထုတ်လုပ်သော သဘာဝဆေး EM5 လက်တွေ့ ပြုလုပ်ခြင်းအား တက်ရောက် လာကြသူများ ကြည့်ရှုလေ့လာခဲ့ကြပြီး မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ဝေသော သဘာဝပိုးသတ်ဆေးရည် ဖော်စပ်ပြုလုပ်သုံးစွဲနည်း လက်ကမ်း စာစောင်များနှင့် မုံရွာမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ထုတ်ဝေသော သဘာဝရွက်ဖျန်း အားဆေး၊ ပိုးသတ်ဆေးနှင့် မှိုသတ်ဆေးများ ဖော်စပ်အသုံးပြုနည်း လက်ကမ်းစာစောင်များကို ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ယင်းနောက် ဘက်စုံပိုးမွှား/ရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာများကို တစ်ရက်ကြာ သင်ကြားပို့ချ ပေးလျက်ရှိရာ အဆိုပါသင်တန်းသို့ ဒေသခံတောင်သူ(၁၅)ဦးနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်း(၁၂)ဦး စုစုပေါင်း(၂၇)ဦး တက်ရောက် သင်ကြားခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)