ရေဦး၌ မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရေး မြို့အ၀င်ဆိုင်းဘုတ်နှင့် ပန်းခြံအသစ်တည်ဆောက်

ရေဦး ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ဦးစီးဌာနခွင့်ပြုရန်ပုံငွေဖြင့် ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် စည်ပင်သာယာရေး ဌာနမှ မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြို့သန့်ရှင်းသာယာလှပစေရေးအတွက် နေ့စဉ်နံနက်ပိုင်းတွင် မြို့အ၀င်အထွက် လမ်းသန့်ရှင်းရေး ပြုလုပ်ခြင်း၊ ဈေးတွင်းဈေးပြင်နှင့် မြို့ပေါ်ရပ်ကွက်များရှိ အမှိုက်ကန်များမှ အမှိုက်များ သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရေး အလျား ၈ ပေ၊ အနံ ၃ ပေ၊ အမြင့် ၇ ပေရှိ သံကူကွန်ကရစ် မြို့အမည်ပါ ဆိုင်းဘုတ်အသစ်နှင့် ပန်းခြံသစ်တစ်ခုကို ဆောက်လုပ်ထားကြောင်း သိရသည်။

"အဆိုပါ ဆိုင်းဘုတ်နှင့်အတူ ပန်းခြံတွင်း စိုက်ပျိုးရန် ပန်းအလှပင်နှင့် နိုင်ငံခြားမြက်မျိုးများ အပါအ၀င် ကုန်ကျငွေကျပ်သိန်း ၁၀၀ ကျော်ရှိကြောင်း၊ ရန်ပုံငွေအပေါ်မူတည်ပြီး မြို့သာယာ လှပအောင် ဆောင်ရွက်ပေးနေပါတယ်၊ ပန်းခြံမှာရေးထိုးမည့် မြို့အမည်စာလုံးကိုလည်း ရေရှည် တည်တံ့ခိုင်မြဲအောင် စတီးဖြင့်ဖောင်းကြွစာလုံး ဒီဇိုင်းပုံစံနဲ့ မန္တလေးမှာထားပြီးဖြစ်ပါတယ်ဟု" မြို့ နယ်စည်ပင်သာယာရေးဌာန လက်ထောက်အင်ဂျင်နီယာ ဦးတင်မြင့် က ပြောသည်။

မြို့နယ်(ပြန်/ဆက်)