လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

လက်ပံတန်း   ဒီဇင်ဘာ   ၁၄


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံ ဆောင်ရွက် လျက်ရှိှိရာ ယနေ့နံနက်ပိုင်းက ပေါက်ကုန်းကျေးရွာနှင့် ဓနတိုးကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွ နေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပဆောင်ရွက်ခဲ့ရာတွင် လက်ရှိအခြေနေ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါသည် အလွန် ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့်စိုးရိမ်ရသည့်မျိုးကွဲသစ်ဖြစ်သည့်အတွက် လက်ပံတန်း မြို့နယ် အတွင်း ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့၏နေအိမ်အတွင်းမှာသာနေထိုင်ကြပါရန်၊ လူစုလူဝေးကိုရှောင်ကြဉ်ကြရန် မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန်၊ လက်ကို မကြာခဏ ဆေးကြောသန့်စင်ရန်၊ အခြားသူများနှင့် အနည်းဆုံး (၆)ပေအကွာမှ ခပ်ခွာခွာနေကြပါရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်းများ စကားပြောဆိုခြင်းများ ရှောင်ကြဉ်ကြပါရန်၊ ပစ္စည်းတစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် (၂၀) ကြာအောင် စနစ်တကျ လက်ဆေးပါ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့်မျက်စေ့တို့ကို ပွတ်သတ်ကိုင်တွယ်ခြင်း ထိတွေ့ခြင်းများမပြုလုပ်ရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများကိုရှောင်ပါ မိမိတို့၏နေအိမ်များကို ပြူတင်းတံခါးများဖွင့်ထားပြီး လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ကြပါရန်စသည့် လိုက်နာရမည်အချက်များ ရှောင်ကြဉ်ရမည့်အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

မျိုးမင်းထွန်း