ပဲခူးမြို့၌ ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်

ပဲခူး  ဒီဇင်ဘာ   ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးရေးအတွက် ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များသို့ လှည့်လည်အသိပညာပေး နှိုးဆော် ကြေညာခဲ့ကြောင်း သိရသည်။

ထိုသို့လှည့်လည်အသိပညာပေးနှိုးဆော်ရာတွင် လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့် စိုးရိမ်ရသည့် မျိုးကွဲသစ် ဖြစ်သည့်အတွက် ပဲခူးမြို့ပေါ်ရှိ မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိနေအိမ် အတွင်းမှာသာ နေထိုင်ကြရန်၊ လူစုလူဝေးကိုရှောင်ကြဉ်ကြရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်သွားကြရန်၊ တစ်ဦးနှင့် တစ်ဦးတတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ကြရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး()ပေအကွာမှသာ နေထိုင်ပြောဆိုကြရန်၊ လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကိုဆပ်ပြာနှင့် ရေအသုံးပြု၍ အနည်းဆုံးစက္ကန့်(၂၀)ကြာအောင် ဆေးကြောကြရန်၊ မိမိနေအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်၊ မိမိတို့ကလည်း အခြား သူများထံ သွားရောက်ခြင်းမပြုရန်၊ လူစုလူဝေးပြုလုပ်ခြင်း သွားလာခြင်းရှောင်ကြရန်၊ မိမိတို့ နေအိမ်များကို ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ကောင်း‌အောင်ပြုလုပ်ရန် စသည့် လိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားရှိသည့် ညွှန်ကြားချက် များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်စေရန် မြို့ပေါ်လူစည်ကားရာနေရာများ၊ စျေးများနှင့်လမ်းဆုံလမ်းခွများတွင် အသိပေးနှိုးဆော် ကြေညာလျက်ရှိကြောင်း သိရှိရသည်။