ဘားအံ ဒီဇင်ဘာ ၁၄
၂၀၂၁ ခုနှစ် ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား တိုက်နယ်ပေါင်းစုံအမျိုးသား အသက် (၂၁) နှစ် အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က အောင်သံလွင် အားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီး ချုပ်ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘောလုံး အားကစားဝါသနာ ရှင်ပရိတ်သတ်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် မိဇံတိုက်နယ် ဘောလုံးအသင်းနှင့် ဂျိုင်းတိုက်နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ မိဇံတိုက်နယ်ဘောလုံးအသင်းက အချိန်ပိုတွင် ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ကြက်ခြေနီတပ်ဖွဲ့နှင့် ပြိုင်ပွဲကြီးကြပ်ဒိုင်အဖွဲ့တို့အား ဂုဏ်ပြုဆုများကိုလည်ကောင်း၊ ဗိုလ်လုပွဲနေ့ အကောင်းဆုံးအားကစားသမားဆု၊ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ဘောလုံးအသင်း များအား တစ်ဦးချင်းလည်ဆွဲ ဆုများကိုလည်ကောင်း အသီးသီးချီးမြှင့်ခဲ့ကြပြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစန်းကိုက ဂိုးသမားအကောင်း ဆုံးဆု၊ လူမှုရေးဝန်ကြီးဦးစိုးလွင်က နောက်တန်း အကောင်းဆုံးဆုနှင့် အလယ်တန်း အကောင်းဆုံးဆု၊ စီးပွားရေးရာ ဝန်ကြီးဦးစောခင်မောင်မြင့်က ရှေ့တန်း အကောင်းဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆု၊ သယံဇာတရေးရာ ဝန်ကြီးဦးဇော်ဝင်းက တတိယဆုရ ဝတ်ကြီးတိုက်နယ်ဘောလုံးအသင်းနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကိုက ဒုတိယဆုရရှိသော ဂျိုင်းတိုက်နယ် ဘောလုံး အသင်းတို့အား ငွေသားဆုနှင့်ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲသွားသော မိဇံတိုက်နယ် ဘောလုံးအသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုများ၊ အပိုဆောင်း ငွေသားဆုများကို ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)