ပေါက် ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေကြာခူးဆွတ်သိမ်းဆည်းချိန်တွင် နေကြာစေ့ရဖို့သေချာသလောက် ရှိနေပြီဖြစ်ကြောင်း ခင်တန်းရှည်ကျေးရွာ ဆောင်းနေကြာစိုက် ပျိုးတောင်သူ ဦးမျိုးအောင် က ပြောကြားသည်။
ပေါက်မြို့နယ်တွင် ဆီးထွက်သီးနှံများဖြစ်သည့် မိုးနှမ်း၊ ဆောင်းနှမ်း၊ နွေနှမ်း၊ သုံးလမြေပဲ၊ ခြောက်လမြေပဲများကို စီးပွားဖြစ်စိုက်ပျိုးကြသည့်ပြင် ဆောင်းနေကြာကိုလည်း စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ နေကြာသီးနှံကို သီးထပ်၊ သီးညှပ်စိုက်ပျိုးကြသည့်အပြင် နေကြာ တစ်မျိုးထဲ စိုက်ပျိုးကြသည်များလည်း ရှိကြောင်း၊ ဆောင်းနေကြာစိုက်ပျိုးခြင်းအား စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ကြဲပက်စိုက်ပျိုးကြပြီး မြေအောက်ရေကိုအသုံးပြု၍ စိုက်ပျိုးသည့် မြေယာများတွင် ကုလားပဲ၊ ပဲတီစိမ်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူသီးနှံများဖြင့် လည်းကောင်း၊ အလားတူ မြေအောက်ရေသွင်းစိုက်ပျိုးသည့် ကျေးလက်တောင်သူများသည် နှမ်းခင်းများထဲ၊ နေကြာသီးညှပ်စိုက်ပျိုးကြခြင်းဖြင့် လည်းကောင်း၊ ဆောင်းနေကြာစိုက်ပျိုးခြင်းအား နေကြာသီးသန့် စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးကြကြောင်း၊ နေကြာသက်တမ်း လေးလကြာလျှင် ရင့်မှည့် ခူးဆွတ်ကြရပြီး၊ နေကြာကြဲပက်စိုက်ပျိုးခြင်းအား ရေဆင်း-၁၊ ဆင်းရွှေကြာ-၂ စပ်မျိုး နေကြာမျိုးကောင်းမျိုးသန့်များကို ဝယ်ယူစိုက်ပျိုးကြကြောင်း၊ ထွက်ရှိလာသည့် နေကြာများကို မိမိတို့အရပ်ဒေသရှိ သစ်သားဆုံများဖြင့်ကြိတ်ကာ နေကြာဆီအဖြစ် မိမိတို့နေအိမ် မိသားစုစားသုံးဆီအပြင် ပြန်လည်ရောင်းချရာတွင်လည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မနှစ်က ဆောင်းနေကြာ စိုက်ပျိုးတောင်သူများ ကြက်တူရွေးအုပ်ကျရောက်ခြင်းကြောင့် နေကြာ မှန်းသလောက် မထွက်ရှိခဲ့သော်လည်း ယခုနှစ်တွင် ဆောင်းနေကြာများ အောင်မြင်ဖြစ်ထွန်းကာ ကြက်တူရွေးအုပ်များ မကျရောက်စေရန် စာခြောက်ရုပ်များ ထားရှိခြင်းဖြင့် လည်းကောင်း၊ လူကိုယ်တိုင် ကြက်တူရွေး မောင်းထုတ်ခြင်းများဖြင့် နေကြာခင်းစောင့်ပြီး ဆောင်းနေကြာ ခူးဆွတ်ခြွေချိန် နေကြာစေ့သေချာပေါက်ရနိုင်ကြောင်း ခင်တန်းရှည်ကျေးရွာမှ ဆောင်းနေကြာ စိုက်ပျိုးတောင်သူများထံက သိရသည်။
ဉာဏ်တိုး