မုံရွာ ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားစက်မှုလက်မှု လုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် ဒေသစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရာသီအလိုက် ပေါများစွာ ထွက်ရှိသော ဒေသထွက် ကုန်ကြမ်းများကို အခြေခံပြီး အရည်အသွေးပြည့်မှီသော၊ ဘေးအန္တရာယ် ကင်းရှင်းသော တန်ဖိုးမြှင့်စားသောက်ကုန် ပစ္စည်းများနှင့် ပြည်ပသွင်းကုန် အစားထိုး လူသုံးကုန်ပစ္စည်းများကို ကောင်းမွန်စွာထုတ်လုပ်နိုင်ရန် အဓိကရည်ရွယ်၍ တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာစသည့် အသက်မွေးဝမ်းကျောင်း သင်တန်းများကို စစ်ကိုင်းတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ချမ်းမြဝတီရပ်ကွက် တိုင်းရင်းဆေးရုံအနီး မုံရွာမြို့ရှိ သင်တန်းခန်းမတွင် သင်တန်းကြေး အခမဲ့ဖြင့် ဖွင့်လှစ်သင်ကြား ပို့ချပေးမည်ဖြစ်ရာ သင်တန်းကာလများမှာ တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအား (၂၀-၁၂-၂၀၂၁)ရက်နေ့မှ (၂၆-၁၂-၂၀၂၁)ရက်နေ့အထိ လည်းကောင်း၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းအား (၂၇-၁၂-၂၀၂၁)ရက်နေ့မှ ၃၀-၁၂-၂၀၂၁) ရက်နေ့အထိ လည်းကောင်း ဖွင့်လှစ်သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထိုက်တန်ထံမှ သိရသည်။
အဆိုပါ သင်တန်းများကို နံနက် ၉ နာရီခွဲမှ မွန်းတည့် ၁၂ နာရီအထိနှင့် နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ နည်းပညာ တတ်ကျွမ်းသော ဆရာ/ဆရာမများကိုယ်တိုင် စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း၊ မိသားစု တစ်ပိုင်တစ်နိုင် ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်နိုင်ပြီး ကျေးလက်နေ ပြည်သူများကို အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန် ရည်ရွယ်၍ သင်တန်း ကုန်ကျစရိတ်များကို ဌာနဘတ်ဂျက်ဖြင့် နိုင်ငံတော်မှ အကုန်ကျခံ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း နှင့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းစတင် လုပ်ကိုင်လိုသူများအား အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းပြီး စနစ်တကျထုတ်လုပ်နိုင်စေရန် နည်းလမ်းများ၊ စားသုံးသူရေးရာ ဦးစီးဌာနမှ စားသုံးသူများ အနေဖြင့် အခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားမှုများအား ရှင်းရသည့် အသိပညာပေးခြင်းများ၊ ထုတ်ကုန်ပစ္စည်းများ လုံခြုံစိတ်ချရမှုအတွက် ကုန်ပစ္စည်း အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြရန်နှင့် သိရှိလိုက်နာရမည့် အချက်အလက်များ၊ မုန့်လုပ်ငန်းရှင်များအသင်းမှ မုန့်လုပ်ငန်းဆိုင်ရာ နည်းပညာများနှင့် လုပ်ငန်းခွင်ဆိုင်ရာ သိကောင်းစရာများကိုပါ ထည့်သွင်း ဆွေးနွေး ပို့ချပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားသည်။
ဤသင်တန်းများကို အမှန်တကယ်စိတ်ပါဝင်စားစွာ တက်ရောက် သင်ကြားလိုပါက (၁၈. ၁၂.၂.၂၁) ရက်နေ့တွင် နောက်ဆုံးထား၍ သင်တန်းအမည်စာရင်းများကို မိမိတို့ဌာနသို့ ပေးပို့နိုင်ပါကြောင်း၊ သင်တန်းတက်ရောက် ပြီးဆုံးသည်နှင့် တပြိုင်နက် စီးပွားဖြစ် ထုတ်လုပ် ရောင်းချနိုင်သည်အထိ သင်ကြားပေးမည်ဖြစ်ကြောင်း မိမိတို့ဌာနမှ ၄င်းတို့လုပ်ငန်းများအတွက် လိုအပ်သော လုပ်ငန်းမှတ်ပုံတင်ခြင်းများ စားသုံးသူများ အန္တရာယ်ကင်းရှင်းရန်အတွက် ဓါတ်ခွဲစမ်းသပ်ခြင်းများ ပြည်တွင်းအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ပြသနိုင်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေး သွားမှာဖြစ်ပြီး သင်တန်းသူ/ သင်တန်းသားများ၏ ဆွေးနွေးသုံးသပ် အကြံပြုချက်များဖြင့် စစ်ကိုင်းတိုင်းဒေသကြီး စီးပွားဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မိမိတို့ဌာနမှ အခြားအသက်မွေး ဝမ်းကျောင်း အတတ်ပညာရပ်များစွာကိုလည်း စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ပါကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)