စလင်း ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း မိုးလုံလေလုံ အားကစားခန်းမဖွင့်ပွဲနှင့် ပေါင်းနား(၃)လမ်းကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီ ၂၀ မိနစ် အချိန်က မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။
ဦးစွာမကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လူမှုရေးဝန်ကြီးဦးစိုးပိုင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝင်းရှိန်တို့က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မိုးလုံလေလုံအားကစားခန်းမကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခြင်း၊ စလင်းမြို့နယ်ပညာရေးမှူး ဦးသိန်းဌေးက မိုးလုံလေလုံ အားကစားခန်းမ တည်ဆောက်မှု အခြေအနေနှင့် ပညာရေးဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခြင်း၊ မိုးလုံလေလုံ ကျောင်းအားကစားခန်းမ တည်ဆောက်ပေးသည့် အောင်အောင်သော် ကုမ္ပဏီတာဝန်ခံ ဦးအာကာထက်က အဆောက်အဦးနှင့် ပတ်သက်သည့် စာရွက်စာတန်း အထောက်အထားများအား အ.ထ.က(၁)ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်သန်းထံသို့ လွှဲပြောင်းပေးခဲ့သည်။
ထို့နောက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူလေးများက ပန်းပွားအလှ ကာယပညာဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ကျောင်းသူလေးတစ်ဦးမှ မြန်မာ့ရိုးရာ ခြင်းလုံးခတ် အားကစား အလှပြဖျော်ဖြေပေးခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ယဉ်ကျေးလိမ္မာစာအုပ်များနှင့် ကျောင်းသုံး ဗလာစာအုပ်များကို ပေးအပ်ရာ မြို့နယ်တာဝန်ရှိသူအသီးသီးမှ လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါင်းနားရပ်ကွက်၊ ပေါင်းနား(၃)လမ်း ကွန်ကရစ်လမ်းသစ်နှင့် ပတ်သက်သည်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်မြတ်က ရှင်းလင်တင်ပြပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကွန်ကရစ် လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)