ထန်းတပင်မြို့မစျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး မီးငြှိမ်းခြင်း လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်

ထန်းတပင်(ပဲခူး) ဒီဇင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မြို့မဈေးရှိ ဈေးသူဈေးသားများ မီးဘေးကြိုတင် ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လက်တွေ့ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်း၍ မီးဘေးကြိုတင် ကာကွယ်ရေး ဇာတ်တိုက် သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက  မြို့မဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ရာတွင် မီးသတ်တပ်ဖွဲ့၀င်များက သရုပ်ပြမီးငြှိမ်းသတ်ခြင်း၊ ဈေး၀န်ထမ်းများနှင့် ဈေးသူဈေးသားများက လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်း၊ မီးသတ်မော်တော်ယာဉ်ဖြင့် ရေပက်ဖြန်းမီးငြှိမ်းသတ် သရုပ်ပြခြင်းများကို မြို့နယ်မီးသတ် ဦးစီးမှူး ဦးအောင်အောင်ဝင်းစိန်၏ ကြီးကြပ်မှုဖြင့် သန္ဓေတပ်ဖွဲ့၀င်များက သရုပ်ပြ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင် အရာရှိ ဦးစံသိန်း၊ မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ဈေးသူဈေးသားများ လာရောက်အားပေးခဲ့ပြီး မြို့မဈေးကြီးအတွင်း မီးဘေးကြိုတင် ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)