စလင်း ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အင်ကြင်းပင်လှကျေးရွာအုပ်စု၊ လက်ပံကျင်း ကျေးရွာရှိ တောင်သူ ဦးမန်းတင်၏ စံပြဝါမျိုးယှဉ်ပြိုင်စိုက်ခင်းစံကွက် ရိတ်သိမ်းပွဲနှင့် ကွင်းသရုပ်ပြပွဲကို ယမန်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်က မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးတင့်လွင်၊ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အင်ကြင်းပင်လှ ကျေးရွာနှင့် လက်ပံကျင်းကျေးရွာများမှ တောင်သူများ တက်ရောက်ကြည့်ရှုခဲ့ကြသည်။
အဆိုပါဝါသီးနှံ စိုက်ခင်းမှာ (၁၀)ဧကကျယ်ဝန်းပြီး ရွှေတောင်(၁၀)နှင့် ငွေချည်(၁၁) အမျိုးအစားများ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်လင်းမှ စိုက်ပျိုးထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ခြင်း၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က စံကွက်ရိတ်သိမ်း ဆောင်ရွက်မည့် အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဆွေးနွေးမှာကြား ပေးခဲ့သည်။
ထို့နောက် အင်ကြင်းပင်လှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် တောင်သူများက ကျေးရွာ စာသင်ကျောင်းနှင့် ယာမြေစိုက်ပျိုးရေး ရေရရှိရေးတို့ကို တင်ပြကြရာ ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ ဝန်ကြီးချုပ်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံကြရန် မှာကြားခြင်း၊ ဒေသခံတောင်သူ မိသားစုများ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ထားကြရန်တို့ကို တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)