အုတ်တွင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများပြုလုပ်

အုတ်တွင်း ဒီဇင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင်ကျောင်းသား၊ ကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်မာက ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးသူငယ်များအနေဖြင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေခြင်း၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေးအခေါ်များ ရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း ပြောကြားပြီး၊ ဆေးရောင်ခြယ်ပြိုင်နှင့် ကုလားထိုင်လု အားကစားပြိုင်ပွဲမှ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ အား ဆုများချီးမြှင့်ပေးခြင်းနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)