ဇီးကုန်း ဩဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သည့်တောင်သူ များ အား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၃နာရီက ညောင်ဇင်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန C L C စခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က "နိုင်ငံတော်မှစိုက်ပျိုးရေးကို အဓိက ထားရှိပြီး စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ပေးလျှက်ရှိကြောင်း၊ လယ်ယာ စိုက်ပျိုးရေးတောင်သူများ ကြုံတွေ့နေ ရသော အခက်အခဲများကို အဆင်ပြေစေရန်၊ အခြေခံစားသောက်ကုန်များ ပိုမိုထုတ်လုပ်ပြီး တိုင်းပြည်စီးပွားရေးကို တိုးတက် အောင် မိမိတို့စိုက်ပျိုးရေးကဏ္ဍမှ မျိုးကောင်းမျိုးသန့်များကို စနစ်တကျစိုက်ပျိုးထုတ်လုပ်ပေးစေလိုကြောင်း” ပြောကြား ခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးလှမိုးက ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း ဆောင်ရွက်သည့်တောင်သူများအား နိုင်ငံတော်မှထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် အမှတ်(၁)ညောင်ဇင်စခန်းနယ်နိမိတ်ရှိ လယ်မကျေးရွာနှင့် မြောက်လွှတ် ကုန်း ကျေးရွာရှိ မိုးစပါးမျိုးစေ့စိုက်ပျိုးတစ်ဧကလျှင် ၁၄၈၅၀၀ ကျပ်နှုန်းဖြင့် (၁၂၃၅၈၀၀၀)ကျပ်ကို မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စိုက်ပျိုးရေး ဦးစီးမှူးတို့က မိုးစပါးမျိုးစေ့စိုက်တောင်သူများထံသို့ ပေးအပ်ခဲ့သည်။
ဇီးကုန်းမြို့နယ်တွင် တောင်သူများ စပါးမျိုးကောင်းမျိုးသန့်ရရှိစေရန် မိုးစပါးမျိုးစေ့(၁၀၇၅)ဧက စိုက်ပျိုးထားရှိပြီး ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တင့်ဆွေ(ပြန်/ဆက်)