ဖျာပုံမြို့၌ ပြည်သူများ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများ အသိပညာပေး နံရံဘုတ်ပြသဆောင်ရွက်

ဖျာပုံ    ဒီဇင်ဘာ   ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းတို့ ပူးပေါင်း၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ် (၂)ခုတွင် ပြည်သူများ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများ အသိပညာပေး နံရံကပ်ပြဘုတ် ပြသဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က ပြသဆောင်ရွက် ကြကြောင်းသိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်ပြဘုတ် ပြသဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် လျှပ်စစ်ဓာတ်အားအသုံးပြုရာတွင် သိရှိလိုက်နာရမည့် အချက်များဖြစ်သော မီးပူတိုက်နေစဉ် တစ်ခုခုလုပ်ရန် ခေတ္တထသွားပါက၊ မီးပူခလုပ်ကိုပိတ်ခဲ့ခြင်း၊ ရိုးရိုးမီးလုံး၊ မီးချောင်းထက် Energy Saving Lamp ကို ရွေးချယ်အသုံးပြုရန်၊ လူရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ အချိန်ပြည့် ပန်ကာကို ဆက်တိုက်ဖွင့်ထားခြင်းမပြုလုပ်ရန်၊ အမှန်တကယ်ကြည့်မည့် အချိန်၌သာ တီဗွီကိုဖွင့်ပါ၊ ကြည့်သူမရှိဘဲ အချိန်ပြည့်ဖွင့်ထားခြင်းကို မပြုလုပ်ရန်၊ အိမ်အပြင်တွင် ထွန်းထားသောမီးများကို နေ့အလင်းရောင်ရရှိချိန်တွင် မီးပိတ်ထာခြင်းကို ဆောင်ရွက်ရန်စသော လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများ အသိပညာပေး ပြသဆောင်ရွက်ထားပြီး၊ အဆိုပါ အသိပညာပေးပြဘုတ်များကို ဖျာပုံခရိုင် ပြန်/ဆက်ဦးစီးဌာန အမှတ်(၃)ရပ်ကွက်၊ ချောင်းတွင်းလမ်းမကြီးဘေးရှိ မြေစိုက်နံရံကပ်ပြဘုတ်နှင့် အမှတ်(၅) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ မြေစိုက်နံရံကပ်ပြဘုတ်တို့တွင် အသိပညာပေး ပြသဆောင်ရွက် ထားရှိကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)