ရေကြည်မြို့နယ်တွင် ပြန်လည်လျှော်ဖွတ်အသုံးပြုနိုင်သော အဝတ်နှာခေါင်းစည်းအခု (၇၀၀) အခမဲ့ဖြန့်ဝေ

ရေကြည်   ဩဂုတ် ၂၂

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် တာဆီးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေးအတွင်း ဈေးရောင်းချနေသူများနှင့် ဈေးဝယ်ပြည်သူ များကို ယနေ့နံနက် ၇ နာရီကပြန်လည်လျှော်ဖွတ် အသုံးပြုနိုင်သော အဝတ်နှာခေါင်းစည်းများ ချုပ်လုပ်၍ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါနှာခေါင်းစည်းများ ဖြန့်ဝေရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များက နှာခေါင်းစည်းအခု (၇၀၀) ကို ပြည်သူများအားအခမဲ့ဖြန့်ဝေပေးခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်းဖြစ်ပွားခဲ့သော် စနစ်တကျ တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါလက္ခဏာများ တွေ့ရှိလာနိုင်ခြေရှိသည့် အတွက် ဒေသခံပြည်သူများအနေဖြင့် ပေါ့ဆစွာနေထိုင်ခြင်း မပြုကြရန်နှင့် မိမိနေအိမ်မှ ပြင်ပထွက်ခွာ သွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာနိုင်ရန်အတွက် ယခုလို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်သူဟန် ( ပြန်/ဆက်)