ပုလော ဒီဇင်ဘာ ၁၄
ပုလောမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပုလော မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကိုဗစ်−၁၉ စည်းကမ်း သတ်မှတ်ချက်နှင့်အညီ လွတ်လပ်ရေးနေ့ အခမ်းအနား၊ အားကစားပြိုင်ပွဲများ ဖြစ်သည့် ပြေးခုန်ပစ်နှင့် မီနီမာရသွန် ပြေးပြိုင်ပွဲများ၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲ၊စစ်တုရင် ပြိုင်ပွဲများ၊ ချောတိုင်တက်ပြိုင်ပွဲများ၊ မုန့်ကိုက်ပြိုင်ပွဲ၊ ကွမ်းသီးကောက်ပြိုင်ပွဲစသည့် လူကြီးကလေး အရွယ်စုံ ပါဝင်နိုင်သည့် ပျော်ပွဲ ရွှင်ပွဲများ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ဆုချီးမြှင့်နိုင်ရေး ၊လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျပန်း စကားပြော ပြိုင်ပွဲ ပ၊ဒု၊တ ဆုရ ကျောင်းသူ/ သား များကို ဆုချီးမြှင့် နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
အလားတူ ရပ်ကွက်/ကျေးရွာ အသီးသီးတွင်လည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများနှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကို ကိုဗစ်−၁၉ စည်းကမ်း သတ်မှတ်ချက်နှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အေးအေးမော်(ပုလော)